ရက်စွဲ။ ၁၃၇၄-တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်၊ (၁-၁၂-၂၀၁၂)
စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ ၀မ်ပေါင်ကုမ္မဏီ အနီးတွင် ဖွင့်လှစ်ထားသော ပြည်သူ့အရေးတော်ပုံ သပိတ်စခန်း(၆)ခုကို အစိုးရရဲတပ်ဖွဲ့မှ အကြမ်းဖက် နှိမ်းနင်းမှုနှင့်ပတ်သက်၍ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ -အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအစစ်အမှန်ကို ထုတ်ပြန်ကြေညာအပ်ပါသည်။
ယခုနှစ် နိုဝင်ဘာလ(၂၉)ရက် (၁း၀၅)နာရီမှ စတင်တိုက်ခိုက်ခဲ့သော မြန်မာအစိုးရလုံခြုံရေးတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွင်းမှုကို ကြည့်လျှင်…………..
သပိတ်စခန်းများတွင် သပိတ်တားပြည်သူများ မရှိတော့သည့်အချိန်နှင့် သံဃာတော်များ အိပ်မောကျနေချိန်ဖြစ်သည်ကို တွေ့ရှိရ၏။
လက်ပံတောင်းတောင်ပြည်သူ့ အရေးတော်ပုံသို့ မုံရွာ၊ ပခုက္ကူ၊ အမရပူရ၊ မန္တလေးစသောမြို့ကြီးများမှ သံဃာတော်များ ကြွရောက်ချီးမြှောက်ကြခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများဒေါသပေါက်ကွဲ၍ ဝမ်ပေါင်ကုမ္ပဏီကို အကြမ်းဖက်တိုက်ခိုက်ခြင်းမှ လည်းကောင်း၊ အစိုးရလုံခြုံရေးတပ်ဖွဲ့က ပြည်သူများကို အကြမ်းဖက်နှိမ်နင်းမှုမှလည်းကောင်း၊ ကာကွယ်ရန်အလို့ငှာ ငြိမ်းချမ်းရေးကို ရှေ့ရှု၍ မေတ္တာကရုဏာအပြည့်အဝဖြင့် ကြွရောက်ကြခြင်းဖြစ်၏။
ယခုကဲ့သို့ ဆန္ဒပြ သပိတ်တားလယ်သမားများ မရှိခိုက်ကို တမင်ရွေး၍ ဖြိုခွင်းခြင်း၊ လက်နက်ဟူ၍ အပ်တိုတစ်ချောင်းမျှပင် မရှိကြသော သံဃာတော်များကို မီးလောင်ဗုံးများအသုံးပြု၍ သူပုန်စခန်းမှ ရန်သူများကို ဖြိုခွင်းသလို ဖြိုခွင်းခြင်းတို့သည် သမ္မတဦးသိန်းစိန် အစိုးရ၏ ဒီမိုကရေစီစနစ်သစ်နှင့် နိုင်ငံ့ဂုဏ်သိက္ခာကို ကြီးမားထင်ရှားသော အမည်းစက် အစွန်းအထင်းကို ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ရှေးရှုသောသံဃာထု တစ်ရပ်လုံးကို ကိုယ်ထိ လက်ရောက် စော်ကားပြစ်မှားရာ ရောက်နေပါသည်။
ထိုအကြမ်းဖက် ဖြိုခွင်းမှုတွင် မျက်ရည်ယိုဗုံး အသုံးပြုသည်ဟု တရားဝင်ထုတ်ပြန်ထားသော်လည်း ရေနှင့်တွေ့လျှင် ဓာတ်ပြုပေါက်ကွဲ မီးလောင်ပြာကျစေနိုင်သည့် ဓာတုဗုံးများ ဖြစ်နေသည်ကို တွေ့ရပါသည်။ ဗုံးစထိမှန်၍ မီးလောင်ခံရသော ဒဏ်ရာရသံဃာတော်များနှင့် ရွာသူရွာသားအချို့ ဆေးရုံတက်၍ ကုသမှုခံယူနေရဆဲ ဖြစ်ပါသည်။
ထိုသို့ အစိုးရက သံဃာများနှင့် ပြည်သူများကို လူမဆန်စွာ တိုက်ခိုက်ဖြိုခွင်းခြင်းသည် သြဇာတိက္ကမကြီးမားသော နိုင်ငံရေးပါတီများ နိုင်ငံရေးအင်အားစုများ၊ ထင်ရှားကျော်ကြား၍ အရေးပါ အရာရောက်သော နိုင်ငံရေးသမားများက လက်ပံတောင်းပြည်သူ့အရေးကို အနီးအကပ်အကာကွယ်ပေးခြင်း၊ ဝန်းရံစောင့်ရှောက်ခြင်း မရှိသောကြောင့်ပင် ဖြစ်ပါသည်။
ပြည်သူ့အတွက်ဟု ဆိုင်းဘုတ်တင်မထားသော သံဃာတော်များက ပြည်သူနှင့်တစ်သားတည်းဖြစ်လျက် ကျွပ်ကျွပ် အိတ်နှင့် ဆွမ်းစားကာ လမ်းဘေးအိပ်၍ အပင်းပန်းခံ ပါဝင်ဆောင်ရွက်ကြသည့်အလျှောက် ပြည်သူ့အတွက်ရည်ရွယ် ဖွဲ့စည်းထားသော အဖွဲ့အစည်းများက တာဝန်မဲ့စွာ ပစ်ပယ်ထားကြသည်မှာ အနာဂတ်မြန်မာ့နိုင်ငံရေးအတွက် ရတက် မအေးဖွယ် ဖြစ်နေပါသည်။
လက်ပံတောင်းတောင်ပြည်သူ့ အရေးတော်ပုံကို စစ်အာဏာရှင်နည်းအတိုင်း ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက် နှိမ်နှင်း ဖြိုခွင်းမှုကြောင့် ငြိမ်းချမ်းရေးကို လိုလားသောသံဃာတော်များနှင့် လူပုဂ္ဂိုလ်အချို့ သွေးမြေခရခြင်းကြောင့် ပြည်ထောင်စု တစ်ဝှမ်းလုံးရှိ ရဟန်းရှင်လူပြည်သူအားလုံး စိတ်နှလုံးထိခိုက်နာကြင်စွာ ခံစားနေရပါသည်။ လုံးဝမဖြစ်သင့်သော၊ လုံးဝခွင့်မလွှတ် ထိုက်သော၊ လုံးဝသည်းမခံထိုက်သော စော်ကားမှုကြီးအဖြစ် ရှုမြင်ပါသည်။ ထို့ကြောင့်…..
(က) လက်ပံတောင်းတောင် ပြည်သူနှင့်သံဃာကို ရန်သူ့စခန်းကို ဝင်စီးသလို အကြမ်းဖက်ဖြိုခွင်းရာ၌ တရားခံရင်းမြစ်လက်သည် အစစ်ကို ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုအပ်ပါသည်။
အဓိကတရားခံကို ဖော်ထုတ်အရေးယူမှုမပြုပါက ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ သံဃာထုနှင့် လူထု၏ ပြင်းထန်သော ဒဏ်ခတ်မှုကို ထိရောက်စွာခံယူရမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။
လက်ပံတောင်းတောင် ပြည်သူ့အရေးတော်ပုံ၌ သံဃာတော်များ သွေးမြေကျခြင်းသည် ပတ္တနိက္ကုဇ္ဇန-သပိတ်မှောက် ကံဆောင်ထိုက်သော ပြစ်မှုကြီးဖြစ်သောကြောင့် အဓိကတရားခံကို ဖော်ထုတ်အရေးယူမှု မပြုပါက နိုင်ငံတော်အစိုးရတစ်ရပ်လုံး ကိုပင် တရားခံရင်းမြစ် လက်သည်စစ်ဟု သတ်မှတ်ကာ ပြင်းထန်းစွာဒဏ်ခတ်ခံရမည် ဖြစ်ပါသည်။
(ခ) မုံရွာဆေးရုံ မန္တလေးဆေးရုံတို့၌ ဆေးကုသမှုခံယူနေသော သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုပုံစံမှာ ပြင်ပမှ ရောဂါပိုးများကူးစက်လွယ်သည့် နေရာများမှာ နေရသောကြောင့် လူနာများ စိုးရိမ်သောကများ ဖြစ်ပွားလျက်ရှိပါသည်။ ဤသို့သော အခြေအနေဆိုးနှင့် တွေ့ကြုံခံစားနေရသော သံဃာတော်များ အသက်အန္တရာယ် ကင်းရှင်းစေရန် အဆင့်အတန်းရှိသော ကျန်းမာရေးစောင့်ရှောက်မှုမျိုး အပြည့်အဝ ဆောင်ရွက်ပေးဖို့ တောင်းဆိုအပ်ပါသည်။
(ဂ) နိုင်ငံရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ အဖွဲ့အစည်းများသည် နောက်နောင် ဤကဲ့သို့သော အနိုင်ကျင့်မှုမျိုး မပေါ်ပေါက် အောင် ပြည်သူ့အရေးကိစ္စ မှန်သမျှ၌ ပြည်သူများနှင့် တစ်သားတည်းဖြစ်လျက် ပြည်သူများကို ရင်အုပ်မကွာ စောင့်ရှောက်ပေးကြရန်- အလေးအနက်တိုက်တွန်းအပ်ပါသည်။
(ဃ) လက်ပံတောင်းတောင် ပြည်သူ့အရေးခင်း၌ ပြည်သူများကို ကိုယ်၏စောင်မခြင်း၊ နှုတ်၏စောင်မခြင်း၊ အလျဉ်းမရှိသော ဒေသကိုယ်စလှယ်များနှင့် ၎င်းတို့၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တာဝန်မဲ့မှုကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေသကိုယ်စလှယ်များဖြစ်ကြသော ပြည်သူ့လွှတ်တော်ကိုယ်စလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စလှယ်များ လွှတ်တော်နှင့်လုံးဝ မထိုက်တန်တော့ပြီ ဖြစ်ကြောင်း၊ အတိအလင်းကြေညာအပ်ပါသည်။
(င) ဒေါ်အောင်ဆန်းစုကြည်၊ ဒ်ါခင်စန်းလှိုင်နှင့် NLD-ပါတီ၏ ရပ်တည်ဆောင်ရွက်မှုကို ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ ရဟန်းရှင်လူ ပြည်သူများက ကြိုဆိုထောက်ခံ၍ ပူးပေါင်းပါဝင်ကြရန်လည်း လေးစားစွာတိုက်တွန်းအပ်ပါသည်။
(စ) ပစ်ခတ်နှိမ်နှင်းရလောက်အောင် အင်အားသုံး အကြမ်းဖက်မှုမျိုး လုံးဝမရှိသော သံဃာတော်များကို အကြမ်းဖက် ဖြိုခွင်းခြင်းသည် ရဟန်းရှင်လူ ပြည်သူများကို လမ်းပေါ်ထွက်လာအောင် တမင်တကာ အကွက်ဆင်ဖန်တီး ဗျူဟာခင်းကျင်းသလို ဖြစ်နေသည့်အပြင် ဒုတိယရှစ်လေးလုံးအသွင်- ဆူပူအုံကြွအောင် ဖန်တီးလာသော နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကိုလည်း တွေ့မြင်နေရပါသည်။
သမိုင်းမှာ တရားခံမဖြစ်ရလေအောင် တောကြောင်တို့၏ မာယာထောင်ချောက်အတွင်းသို့ မသက်ဆင်းမိစေရန်လည်း အထူးသတိပြုဖို့လိုပါသည်။
(ဆ) သမ္မတကြီးဦးသိန်းစိန် အစိုးရသည် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်မှု ဖြစ်ရေးအတွက် အားကြိုးမာန်တက် ဆောင်ရွက်နေကြသော်လည်း ၎င်းတို့သည် စစ်တပ်မှ အသွင်ပြောင်းထားသူများဖြစ်လေရာ နေရာတကာတွင် စစ်ရေးအမြင် ဖြင့်သာ ကြည့်၍ စစ်တပ်ကိုကိုင်တွယ်သလို အကြမ်းပတမ်း ကိုင်တွယ်တတ်ကြကာ ပြဿနာကို ပညာဖြင့်ဖြေရှင်းမှုများ လွန်စွာနည်းပါးသည်ကို တွေ့ရပေသည်။
ထိုသို့သော စစ်ထွက်အမတ်များကို ၂၀၁၅-ခုနှစ်မှာ မဲပေးမိပါက ယခုကဲ့သို့ပင် သွေးမြေကျ ဖြစ်ရပ်ဆိုးများ ဆက်လက်ပေါ်ပေါက်နေဦးမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၁၅-ခုနှစ်တွင် ပြည်သူများကြောက်၍ မဲပေးခြင်း(ဘယာဂတိ)၊ လာဘ်မျှော်လင့်၍ မဲပေးခြင်း(ဆန္ဒာဂတိ)၊ မသိမလိမ္မာ၍ မဲပေးမိခြင်း(မောဟာဂတိ)စသော အဂတိများ ကင်းစင်စေလျက် ခေါင်းမော့ရင်ကော့ကာ ပြည်သူ့အကျိုးကို အမှန်တကယ်လိုလားသော အရပ်ဘက်အဖွဲ့အစည်းများကိုသာ ရွေးချယ်မဲပေးကြဖို့ လိုပါသည်။
(ဇ) ၂၀၀၇-ခုနှစ် ရွှေဝါရောင်သံဃာတော်များ၏ အသက်သွေးချွေးပေးဆပ်မှုများကြောင့် ဒီမိုကရေစီအသီးအပွင့်များ မြည်းစမ်းခွင့်ရခဲ့သလို ၂၀၁၂-ခုနှစ် လက်ပံတောင်းတောင် ပြည်သူ့အရေးတော်ပုံမှ သံဃာတော်များ၏ သွေးစက်ချ၍ ပေးဆပ်မှုများကြောင့် လက်ပံတောင်းတောင် ပြည်သူတို့ လိုလားတောင်းတနေသော ပြည်သူ့အခွင့်အရေးများ မလွှဲမသွေ ပြန်လည်ရရှိလိမ့်မည်ဟု ယုံကြည်ပါသည်။
(ဈ) လက်ပံတောင်းတောင် အရေးအခင်း၌ ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ်ဖြိုခွင်းခံရသော်လည်း ဒေါသမထွက် လက်နက်ဗလာ၊ ရန်လိုဘာဝ၊ ထုတ်မပြဘဲ မေတ္တာတရား လက်ကိုင်ထား၍ ခေါင်းငုံ့သည်းခံခဲ့သော ဦးတိက္ခဉာဏ(သက်တော် ၆၄-နှစ် သိက္ခာတော် ၁၂-ဝါ ပုလဲမြို့) (ခေတ္တ မန္တလေးဆေးရုံကြီး)နှင့် ဦးဝိသုဒ္ဓ(သက်တော် ၃၈-နှစ် သိက္ခာတော် ၁၂-ဝါ ဘုရားကြီးအလယ်တိုက် (ခေတ္တ မန္တလေးဆေးရုံကြီး)တို့ အမှူးပြုသော မုံရွာဆေးရုံမှ သံဃာတော်များအား "ဗုဒ္ဓကုင်္ရ"-သူရဲကောင်း(ဘုရားလောင်းလို သူရဲကောင်း)အဖြစ် ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
ဦပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး။
Email. Wirathu2012@gmail.com
(1-12-2012)
No comments:
Post a Comment